19 Nov 2011

ညည်းချင်း

ဆင်းရဲမွဲတွေခြင်းတွေကို ခ၀ါချ
ပြည့်စုံခြင်းဗိမာန် တည်ဆောက်ဖို့
သံယောဇဉ်ပင့်ကူအိမ်က ရုန်းထွက်
သားရဲတောထဲ တိုးဝင်ခဲ့တယ်…။

ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ခြားထားတဲ့
စည်းပါးပါးလေးပေါ် လေးဘက်တွားရင်း
လွယ်ထားတဲ့ အစာအိမ်ကို
ရေတစ်ပေါက်နှစ်ပေါက် ပစ်ချတိုက်
ဒုက္ခဆိုတာ ငါရဲ့ ငယ်ပေါင်းကြီးဖော်
ထမင်းနပ်မမှန်တာလောက်တော့ စာမဖွဲ့လောက်ဘူးပေါ့…။

အိပ်မက်တွေ တခမ်းတနား
မျှော်မှန်းချက်တွေ တစ်လှေကြီးနဲ့
ရွက်ကုန်ဖွင့်
လက်ချည်း သက်သက်နဲ့ လှော်ခတ်ခဲ့တော့
ခရီးက သိပ်မတွင်ဘူး..။

အဆင်မပြေလိုက် ခက်ခဲလိုက်
မွန်းကျပ်လိုက် အသက်ရှုမ၀လိုက်နဲ့
တစ်ခါတစ်ခါ အိပ်တန်းပြန်တဲ့ ငှက်တွေကိုကြည့်ရင်း
ကံကြမ္မာရေ..!
ငါ့ကိုရော ဘယ်တော့များမှ
အိပ်တန်းအမှန်ဆီ ပြန်ခွင့်ပေးမလဲလို့
ညည်းညူဖြစ်တယ်..။ ။
 
unity
15:20(GMT)

0 comments:

Post a Comment