ဒီတနင်္ဂနွေမှာ ငါ့စိတ်ကူးတွေ
သစ်ရွက်အသေလို လမ်းမပေါ်ကိုကြွေတယ်..။
လူတွေကြားထဲ ရှပ်တိုက်ဝေ့၀ဲ
ဒီနေ့စွဲတွေထဲ
ငါအမောတကော လိုက်ရှာနေမိတာ
မေတ္တာတရားလား..ဥစ္စာဓနလား..
ဆန်းသစ်မှုလား..ခံစားမှုလား..။
အနုပညာကို ထုဆစ်ဖို့
ငါ့ရင်ဘတ်ကိုတော့ လစ်လျူရှုမထားပါရစေနဲ့..။
ဟိရိသြတ္တပ္ပတရားတွေ
သတ်ပုံမှားနေတဲ့ ဒေသမှာ
မိုးခါးရေသောက်ပြီး စိတ်ဖောက်ပြန်နေမဲ့အစား
ရေချိုရှာရင်း ငါအမောဖောက်မယ်..။
ကမ္ဘာခေတ်ဦးကပဲ ဖြစ်ဖြစ်
ကျောက်ခေတ်ပဲ ဖြစ်ဖြစ်
အလယ်ခေတ်ပဲ ဖြစ်ဖြစ်
ဂလိုဘယ်ခေတ်ပဲ ဖြစ်ဖြစ်
ဟဉ်ကျေးမှုအစစ်တော့ ရှိသင့်တယ်..။
ပန်းတပွင့်ဟာ
ကျောက်ချင်းပွတ်တဲ့ မီးတစ်ပွင့်လောက်မှ
လောကအတွက် အသုံးမကျတဲ့အခါ..
ကမ္ဘာသုံးစကား “လစ်ဗင်းတူဂဲလ်သား”မှာ
ဝတ်လစ်စလစ် အရှက်တရားတွေ စီးမျောတဲ့အခါ..
ဟောဒီတနင်္ဂနွေ ပုခုံးပေါ်မှာ
ခံတွင်းပျက်ပိတုန်းတွေ တရုန်းရုန်းနဲ့
စက္ကူပန်းတွေရဲ့ အပြုံးတွေ ဖုံးနေတဲ့အခါ..
ဟော..ဟိုရှေ့ မှာစီးကရက်သောက်ရင်း
အဲဒီလမ်းကို ဆန့်ကျင်လျှောက်နေတာ
စပွန်ဆာလား..ကဗျာဆရာလား..
သူ့ကိုတစ်ခုခုထင်ဖို့
သူ့ရင်ဘတ်ကို မြင်မှဖြစ်လိမ်မယ်...။...။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
unity
16:52(GMT)
0 comments:
Post a Comment