အရောင်အဆင်းမဲ့
ဗုန်းပေါလအော အတ္တတွေကို ကိုင်ဆုပ်လို့
နေ၀င်ချိန်မရောက်မှီ စပ်ကြားလောက်က
ငါထိုင်စောင့်နေမိတာ..
အလင်းဖျော့ဖျော
မီးအိမ်ရှင်တွေ ရောက်လာတဲ့အထိ..။
ငါ ဒီကိုရောက်လာတဲ့ ဆာလောင်မှုကလည်း
သူစိမ်းဆန်သလို နှုတ်ထွက်သွားခဲ့
လိုက်ရှာနေမိတဲ့အမှန်တရားတွေက
ဟိုနားတစ်စ ဒီနားတစ်စပြန့်ကျဲ..
အဖတ်ဆယ်ဖို့ခက်တဲ့ ကိုယ်ကျင့်တရားတွေက
ကြက်ပျောက်ငှက်ပျောက်
ကျန်ခဲ့တဲ့ အနှစ်သာရဆိုတာကလည်း..
လူအများ အရာမသွင်းတဲ့
လောကဓံရဲ့ ဆုလာဘ်တွေပဲပေါ့...။
တက်မကို လွှတ်ချလိုက်ရင်တော့
သွေးတစစ ပွက်ထသွားလောက်ရဲ့...
ဆူးတွေက နူးညံ့တဲ့သတ္တိမရှိတာ
မြေကြီးလတ်ခတ်မလွဲ..
ပြန်ရနိုင်တာသာ စဉ်းစားကြည့်ရင်
လည်ပြန်ငေးရတာပဲ အမြတ်ထွက်မယ်..
ဓူးဝံကြယ်နဲ့ မီးပြတိုက်တွေခဏသိမ်းထား
မှားစရာရှိရင်လည်း တသီတတန်းကြီး..
မှန်ပြန်တော့လည်း မီးခိုးကြွက်လျှောက်ပေါ့...။
သင်ကြားခဲ့ရသမျှက
သင်ရိုးဟောင်းကြီးနဲ့ဆိုတော့..
နားလည်ခဲ့သမျှ ဒဿနတွေကလည်း
ပုံစံခွက်ကြီးထဲက..?
ကဲ..ဆိုမှတော့...
နောက်တစ်လှမ်းဆုတ်ဖို့
ရှေ့ တစ်လှမ်းရွယ်ဖို့ပဲ ရှိတော့တယ်...။ ။
.
0 comments:
Post a Comment