Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

17 Apr 2012

နားခိုရာ

နေပူပူမှာ
တောင့်တမိတဲ့ နားခိုရာ
ငါရောက်သွားတော့ လူပြည့်သွားပြီ
ငါမက်မောမိတဲ့
ရေကြည်တစ်ပေါက်
မျှော်မှန်းကာ တွေးကြည့်တော့
တွန်းပုတ်ခဲ့တဲ့ လက်တစ်စုံ
ရင်ဆိုင်နိုင်လောက်အောင် အင်အားမရှိတဲ့
ပျော့ခွေခွေ စိတ်ဓါတ်တွေ
မတိုင်ပင်ရပဲ ညီညွှတ်ခဲ့တဲ့
ငါ့ခြေထောက်တွေက
ပင်ပန်းနေပြီလို့ ပြောနေသလိုလို..။


21 Dec 2011

တစ်ပိုင်တစ်နိုင်အသိ

အရောင်အဆင်းမဲ့
ဗုန်းပေါလအော အတ္တတွေကို ကိုင်ဆုပ်လို့
နေ၀င်ချိန်မရောက်မှီ စပ်ကြားလောက်က
ငါထိုင်စောင့်နေမိတာ..
အလင်းဖျော့ဖျော 
မီးအိမ်ရှင်တွေ ရောက်လာတဲ့အထိ..။

ငါ ဒီကိုရောက်လာတဲ့ ဆာလောင်မှုကလည်း
သူစိမ်းဆန်သလို နှုတ်ထွက်သွားခဲ့
လိုက်ရှာနေမိတဲ့အမှန်တရားတွေက
ဟိုနားတစ်စ ဒီနားတစ်စပြန့်ကျဲ..
အဖတ်ဆယ်ဖို့ခက်တဲ့ ကိုယ်ကျင့်တရားတွေက
ကြက်ပျောက်ငှက်ပျောက်
ကျန်ခဲ့တဲ့ အနှစ်သာရဆိုတာကလည်း..
လူအများ အရာမသွင်းတဲ့
လောကဓံရဲ့ ဆုလာဘ်တွေပဲပေါ့...။

တက်မကို လွှတ်ချလိုက်ရင်တော့
သွေးတစစ ပွက်ထသွားလောက်ရဲ့...
ဆူးတွေက နူးညံ့တဲ့သတ္တိမရှိတာ
မြေကြီးလတ်ခတ်မလွဲ..
ပြန်ရနိုင်တာသာ စဉ်းစားကြည့်ရင်
လည်ပြန်ငေးရတာပဲ အမြတ်ထွက်မယ်..
ဓူးဝံကြယ်နဲ့ မီးပြတိုက်တွေခဏသိမ်းထား
မှားစရာရှိရင်လည်း တသီတတန်းကြီး..
မှန်ပြန်တော့လည်း မီးခိုးကြွက်လျှောက်ပေါ့...။

သင်ကြားခဲ့ရသမျှက
သင်ရိုးဟောင်းကြီးနဲ့ဆိုတော့..
နားလည်ခဲ့သမျှ ဒဿနတွေကလည်း
ပုံစံခွက်ကြီးထဲက..?
ကဲ..ဆိုမှတော့...
နောက်တစ်လှမ်းဆုတ်ဖို့
ရှေ့ တစ်လှမ်းရွယ်ဖို့ပဲ ရှိတော့တယ်...။   ။

.

19 Nov 2011

ညည်းချင်း

ဆင်းရဲမွဲတွေခြင်းတွေကို ခ၀ါချ
ပြည့်စုံခြင်းဗိမာန် တည်ဆောက်ဖို့
သံယောဇဉ်ပင့်ကူအိမ်က ရုန်းထွက်
သားရဲတောထဲ တိုးဝင်ခဲ့တယ်…။

ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ခြားထားတဲ့
စည်းပါးပါးလေးပေါ် လေးဘက်တွားရင်း
လွယ်ထားတဲ့ အစာအိမ်ကို
ရေတစ်ပေါက်နှစ်ပေါက် ပစ်ချတိုက်
ဒုက္ခဆိုတာ ငါရဲ့ ငယ်ပေါင်းကြီးဖော်
ထမင်းနပ်မမှန်တာလောက်တော့ စာမဖွဲ့လောက်ဘူးပေါ့…။

အိပ်မက်တွေ တခမ်းတနား
မျှော်မှန်းချက်တွေ တစ်လှေကြီးနဲ့
ရွက်ကုန်ဖွင့်
လက်ချည်း သက်သက်နဲ့ လှော်ခတ်ခဲ့တော့
ခရီးက သိပ်မတွင်ဘူး..။

အဆင်မပြေလိုက် ခက်ခဲလိုက်
မွန်းကျပ်လိုက် အသက်ရှုမ၀လိုက်နဲ့
တစ်ခါတစ်ခါ အိပ်တန်းပြန်တဲ့ ငှက်တွေကိုကြည့်ရင်း
ကံကြမ္မာရေ..!
ငါ့ကိုရော ဘယ်တော့များမှ
အိပ်တန်းအမှန်ဆီ ပြန်ခွင့်ပေးမလဲလို့
ညည်းညူဖြစ်တယ်..။ ။
 
unity
15:20(GMT)

10 Oct 2011

အရိပ်နဲ့လူ

အမှန်နဲ့ အမှားကို
ချန်ထားခဲ့ဖို့တော့
မိမိရဲ့ သမိုင်းမှာ
ကွက်လပ် ရှိမနေလောက်ပါဘူး။

အသက်မရှိရင်တောင်
မမှတ်မိတဲ့ဘ၀အထိ အရိပ်ဆိုတာရှိတယ်။

ဒါဟာ...သဘောတရားဆိုရင်
တောကစားထွက်နေတဲ့ အလုပ်ကိုရပ်
ဟိုး...နောက်ကြောင်းက
မျက်နှာတွေကို တစ်ချက်ကြည့် ကြည့်ပါ။

စိုးရိမ်နေသူတွေ..
ထိတ်လန့်နေသူတွေ..
တောင့်တနေသူတွေ..
သူတို့တွေခမျာ
နတ်မဟုတ်ပါပဲ
“မင်း” ရဲ့စရိုက်ကြောင့်
အငွေ့ ရှိုက်နေကြရတာ..။

အလင်းမရှိလို့ အရှင်းမသိရင်
ဆင်းကြည့်ပြီး အဖြေရှာပါ..။

နေရောင်တွေရဲ့အောက်
လရောင်တွေရဲ့အောက်
ဖြူစင်မှုအရောင်တွေရဲ့အောက်
ကိုယ်ချင်းစာတတ်တဲ့ အရောင်တွေရဲ့အောက်..။   ။

unity
20:00(MGT)

9 Oct 2011

တနင်္ဂနွေလမ်းမပေါ်မှာ

ဒီတနင်္ဂနွေမှာ ငါ့စိတ်ကူးတွေ
သစ်ရွက်အသေလို လမ်းမပေါ်ကိုကြွေတယ်..။

လူတွေကြားထဲ ရှပ်တိုက်ဝေ့၀ဲ
ဒီနေ့စွဲတွေထဲ
ငါအမောတကော လိုက်ရှာနေမိတာ
မေတ္တာတရားလား..ဥစ္စာဓနလား..
ဆန်းသစ်မှုလား..ခံစားမှုလား..။

အနုပညာကို ထုဆစ်ဖို့
ငါ့ရင်ဘတ်ကိုတော့ လစ်လျူရှုမထားပါရစေနဲ့..။

ဟိရိသြတ္တပ္ပတရားတွေ
သတ်ပုံမှားနေတဲ့ ဒေသမှာ
မိုးခါးရေသောက်ပြီး စိတ်ဖောက်ပြန်နေမဲ့အစား
ရေချိုရှာရင်း ငါအမောဖောက်မယ်..။

ကမ္ဘာခေတ်ဦးကပဲ ဖြစ်ဖြစ်
ကျောက်ခေတ်ပဲ ဖြစ်ဖြစ်
အလယ်ခေတ်ပဲ ဖြစ်ဖြစ်
ဂလိုဘယ်ခေတ်ပဲ ဖြစ်ဖြစ်
ဟဉ်ကျေးမှုအစစ်တော့ ရှိသင့်တယ်..။

ပန်းတပွင့်ဟာ
ကျောက်ချင်းပွတ်တဲ့ မီးတစ်ပွင့်လောက်မှ
လောကအတွက် အသုံးမကျတဲ့အခါ..
ကမ္ဘာသုံးစကား “လစ်ဗင်းတူဂဲလ်သား”မှာ
ဝတ်လစ်စလစ် အရှက်တရားတွေ စီးမျောတဲ့အခါ..
ဟောဒီတနင်္ဂနွေ ပုခုံးပေါ်မှာ
ခံတွင်းပျက်ပိတုန်းတွေ တရုန်းရုန်းနဲ့
စက္ကူပန်းတွေရဲ့ အပြုံးတွေ ဖုံးနေတဲ့အခါ..

ဟော..ဟိုရှေ့ မှာစီးကရက်သောက်ရင်း
အဲဒီလမ်းကို ဆန့်ကျင်လျှောက်နေတာ
စပွန်ဆာလား..ကဗျာဆရာလား..
သူ့ကိုတစ်ခုခုထင်ဖို့
သူ့ရင်ဘတ်ကို မြင်မှဖြစ်လိမ်မယ်...။...။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
unity
16:52(GMT)

1 Oct 2011

ဘ၀ပျောက်ရှာပုံတော်

ဖြစ်ချင်တာတွေကလွဲ
ဖြစ်ခဲ့တာတွေကလည်း အလွဲတွေချည့်
ဘယ်လိုပဲကြည့်ကြည့်
ငါ့ဆီမှာတော့
အနိစ္စတရားပဲ ရှိတယ်

အသစ်ကြောင့် အဟောင်းဖြစ်သလား...
အကြောင်းကြောင့် အကျိုးဖြစ်သလား...

စားနေကျ ခေါင်းကို
ထားနေကျအစဉ်အတိုင်း
ခေါင်းအုံးပေါ်မှာ မှေးတင်လို့
ညတွေကို အိပ်ယာအတွက်ခင်း
မနက်ခင်းတွေကို မျက်နှာသစ်ဖြစ်ရင်းနဲ့
ဘ၀အသစ်ကို ရှာဖွေရအုံးမယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
unity
15:34(GMT)

30 Sept 2011

ဥပေက္ခာ

ထင်းရူးရွက်တစ်ချို့ 
အိပ်ရေးမ၀တ၀ ယောင်ရမ်းနေတုန်း
ပျားဘုရင်မက ကွဲရှရှမူးယစ်နေတယ်..

ပူလောင်လောင် အိုက်စပ်စပ်
အပေါ်ထပ်က အသံမပေးပဲ ဆင်းလာတဲ့
လှေကားကိုငါတွေ့တယ်..
သူ့ဘေးမှာ ငွေရောင်မျှင်မျှင်လေးကို
တပတ်လျှိချည်ထားလို့..

စားလက်စ ထမင်းတစ်ချို့ နဲ့
အသားတက်စ အကျင့်တစ်ချို့ 
ငါ့မှာရှိတယ်
ချိနဲ့နုန်းနယ်နေတဲ့ ကြယ်ကြွေ အပျိုတစ်အုပ်က
ငါ့အသွေးအသားတွေနဲ့မှ
ပလုတ်ကျင်းချင်လို့တဲ့...

ပိတောက်တွေ ယစ်စင်ပေါ်တက်ကရမှ
အချိန်ယန္တယားတွေ အရှိန်နဲ့ ခလုတ်တိုက်လဲ
နဂါးငွေ့တန်းတွေ အရောင်ပြောင်း သစ္စာဖောက်ကြ
လမ်းမီးတိုင်တွေ အကျင့်ပျက်ဖောက်ပြန်နေတဲ့
ညကြီးတစ်ညပေါ့..

နယူတန်ရဲ့ တတိယနိယာမကို
မေ့ မေ့နေတတ်တဲလူ
ဘယ်ကိုသွားရမလဲ...

ကောက်သင်းတစ်အုပ်စီးဆော့နေတာ
အပယ်ခံမြက်ရိုင်းတွေအတွက်
ယုတ္တိတန်လွန်းပါတယ်
အဆိပ်ခွက်က မျက်ရည်ခပြမှ
အဖန်တရာတေနေတဲ့ တေးသွားတပုဒ်အတွက်
ဆာလောင်စွာနဲ့ ကြိုးထညှိမိတယ်။

“ဟ..အရင်အတိုင်းပဲပေါ့..
ဘာနဲ့သောက်မှာတုန်း မေးနေတုန်းပဲလား” ဆိုတဲ့
 သပြေသီးရောင် မျက်နှာတွေက
တ၀ုန်းဝုန်းနဲ့ ပြာချွေချလိုက်တယ်
မီးမညှိရသေးဘူး။ ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
unity
17:09(GMT)

26 Sept 2011

ကြယ်တွေစုံတဲ့ည

အမိမြေက ယိုဖိတ်ခဲ့တာ
စိတ်ဓါတ်တွေ အခိုင်အမာနဲ့
နှစ်ပရိစ္ဆေဒတွေ ကြာလာတော့
အဖြစ်အပျက်တွေက မယုံနိုင်စရာ။

အခုတော့
ငါမိုးသည်းမှာ ငိုချင်းချ
မျောလိုက်ရတဲ့ မျက်ရည်စတွေ
အဆီးအတားမရှိ အနာဂတ်ဆီကို
ဒလဟော တသွင်သွင်မျောလို့
ငါ့ရင်တွေ မောနေတယ်။

ဒီအမောတွေ ပျောက်ဖို့
ကဗျာဆရာ မောင်သိန်းဇော်ရဲ့
ရှုမျှော်ခင်းထဲမှာ
အဝေးက လမင်းကြီးကို
ငေးမောကြည့်ရင်းသူ့ကို အမှီပြုတဲ့
ကြယ်စုလေးတွေကိုလည်း သနားမိတယ်။

လကွယ်ညသန်းခေါင်
မိုးမှောင်ကျရင် ဘယ်လိုလုပ်မလဲပေါ့။


သြော်..
နောက်ဆုံးတော့လည်း
ဒီမြေ ဒီရေ ဒီလှေ မဖြတ်ခင်
ဒို့အဘိုးအဘွား မှာတမ်းခြွေတဲ့
စကားလုံးလေးတွေကို အမှတ်ရမိတယ်။

“ကိုယ့်အားကိုယ်ကိုးမှ ကိုယ့်အိုးကိုယ်ကားမယ်
သူများအားကိုးရင် သူများအိုးကားမယ်” တဲ့။


စာသားကလေးပဲ အမွေရလိုက်တယ်
အဝေးက ကြယ်စင်စုလည်း
ဒီအမွေလေးကို အမှီပြုရင်း
ကိုယ့်အမှောင် ကိုယ့်အရောင်
ကိုယ်ထွန်းပြောင်အောင် ထွန်းညှိရင်း
ကြယ်စုံတဲ့ ညဆီကို
ချီတက်ကြပါစို့။

လေးစားစွာဖြင့်
unity
21:01(GMT)

25 Sept 2011

ဧရာဝတီ

အို..ခရီးသွားမြစ်တစ်စင်း
သင်ကား မြောက်အရပ်ဆီမှ ခရီးပြင်းနှင်ခဲ့၏။
တော်တောင်၊လျှိုမြောင်၊ကျောက်ဆောင်တို့သည်ပင်
သင်၏ စွမ်းပကားဖြင့် သွားရာလမ်း
ဖြစ်ခဲ့ပြန်လေ၏။

သင်၏ နှလုံးသွေးတို့ဖြင့်
မြဖဲကတ္တီပါ ၀ဲယာလွှမ်းစေ၏။
သင်၏ စွမ်းပကားဖြင့်
ထောင်သောင်း ခရီးတွင်စေ၏။

မလျော်ကန်သော ထိန်းချုပ်မှုဟူသမျှအား
မနှစ်မြို့ လေသော ဧရာဝတီ
သင်၏ ဒေါသမုန်တိုင်းတို့ဖြင့်
အတားအဆီးဟူသမျှ
အပိုင်းပိုင်း ကျိုးပျက်ခဲ့ပြန်၏။

သဘာဝတရား၏ လက်ဆောင်
စွမ်းပကားတို့ဖြင့် ဧရာဝတီ
သင်၏ ဂုဏ်ကျေးဇူးတရားတို့အား
ဒေါသမုန်တိုင်းတို့ဖြင့် ချေဖျက်ခြင်းငှာ မသင့်တော်
ပြာလဲ့လဲ့ လှိုင်းကြက်ခွပ်တို့သာ ရှုမြင်လို၏။

သွားမြဲသော ခရီးသို့သာ
တသွင်သွင် စီးဆင်းသွားလေတော့
သင်ကား လွတ်မြောက်ခဲ့လေပြီတကား။

ဧရာဝတီ လွတ်မြောက်နိုင်ပါစေ...

ကိုရင်
7:18(GMT)

23 Sept 2011

အားကိုး

နာရီကလည်း တဂျက်ဂျက်
ရက်တွေကလည်း တဖျက်ဖျက်
ဒီလိုနဲ့..ငါဖြတ်သန်းရင်း
မနက်လင်းတိုင်း နာရီအိုရဲ့ စည်းဝါးသံ
တစ်ဘက်နံရံက ကြားနေရတယ်
ဥယျာဉ်မှူး မပျိုးပေမဲ့
နေရာအလျောက် ရွှေဝါရောင်တောက်ခဲ့ကြတဲ့
ပိတောက်ရဲ့ သတ္တိကိုတော့ ချီးကျူးတယ်..။

သာယာလှပသော ပန်းခင်းဖြစ်ဖို့
တစ်မျိုးတည်းသော ပန်းနဲ့တော့
ဖန်တီးလို့ ရမည်မထင်
ဒါ့ကြောင့်...လိပ်ပြာတို့သည်လည်း
အရောင်အသွေးအဖုံနဲ့
ဝတ်မှုန်ကို စားသုံးနေကြတယ်
တစ်ချို့ ကတော့ လိုချင်တာရဖို့
ပိုက်ဆံကို အလုပ်ခိုင်းကြ
တစ်ချို့ ကြတော့ လိုချင်တာရဖို့
ခန္ဓာကိုယ်ကို ပိုက်ဆံရှာစေရင်း
လိုချင်တာ တစ်ချို့ တ၀က်ရသွားမယ်

ငါသိလိုက်တယ်
လူတွေလည်း အရောင်အသွေးအဖုံဖုံနဲ့
ဘ၀ကို စားသုံးနေကြတယ်..။

သက္ကရာဇ်တွေဆွေးမြေ့ တို့တစ်တွေအတွက်
အသက်တွေရင်းခဲ့တဲ့ လူတစ်ချို့ ကို ပြန်လှုပ်နှိုး
ကဗျာတစ်ပုဒ်နဲ့ ဂုဏ်ပြုရင်း
ဘ၀အတွက် ငါတို့ အားကိုးရှာနေကြတယ်
မှတ်သားဖူးတဲ့ စာတစ်ကြောင်းပါ
“ဒီနေ့ ပန်းခြောက်က မနက်ဖြန်ပန်းပင်ဖြစ်ဖို့” တဲ့
ရှင်သန်မဲ့ ပန်းတစ်ချို့ က တကယ်ဆို ရေမှမလိုတာ
ဒါ့ကြောင့် တစ်ကိုယ်တည်း ရှင်သန်ရဲတဲ့
ပိတောက်ကို အားကျတယ်...။

ရွက်ခြောက်က လေသယ်ရာ ပါတတ်ပေမဲ့
အောင်မြင်တဲ့ အသီးခြောက်ကတော့
ရောက်တဲ့အရပ်မှာ သစ်တပင်ဖြစ်နိုင်စွမ်းတယ်
တကယ်ဆို...ငါတို့တွေက ရွက်ခြောက်မှ မဟုတ်တာ
ဘ၀အတွက် သတ္တိရှိရမှာပေါ့...။  ။

လေးစားစွာဖြင့်
unity
23.sep.2011(15:34 GMT)

19 Sept 2011

တနင်္ဂနွေနေ့များ

တနင်္ဂနွေနေ့ဆိုရင်
ရေးလက်စကဗျာ အဆုံးမသတ်ဖြစ်ဘူး။

တိုတောင်းတဲ့ ဘ၀အတွင်း
နေထိုင်မှုသင်ရိုးမကျေတဲ့
ငါတို့လိုလူငယ်တွေ
အစဉ်အလာတွေက 
အက်ကွဲကြောင်းတွေပေါ်ပြေးလွှား
ကျွံမှန်းမသိ ကျွံနေတဲ့နွံထဲ
အမှန်အကန်ဆိုတာတွေက
ရှာလို့ မတွေ့တော့ဘူး။

ပျော်ရာမှာတော်သလိုနေရင်း
တနင်္ဂနွေနေ့တွေဆိုရင်
အပျင်းဖြေဖို့ဆိုတာ အဝေးသား
အမြည်းအကောင်းစားတွေနဲ့
ညတွေကို မော့သောက်နေကြလေရဲ့။

ဒီသီအိုရီတွေကို
ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားရင်း
ငါ့အတွေးနဲ့ကိုခေါင်းရှုပ်
ဘယ်သူ့ကိုမှ အပြစ်မပြောချင်တော့ဘူး
တနင်္ဂနွေနေ့က ရေးလက်စ ကဗျာတစ်ပုဒ်
အခုထိတော့ အဆုံးမသတ်ဖြစ်သေးဘူး။

ကိုရင်
22:13(GMT)