23 Sept 2011

အားကိုး

နာရီကလည်း တဂျက်ဂျက်
ရက်တွေကလည်း တဖျက်ဖျက်
ဒီလိုနဲ့..ငါဖြတ်သန်းရင်း
မနက်လင်းတိုင်း နာရီအိုရဲ့ စည်းဝါးသံ
တစ်ဘက်နံရံက ကြားနေရတယ်
ဥယျာဉ်မှူး မပျိုးပေမဲ့
နေရာအလျောက် ရွှေဝါရောင်တောက်ခဲ့ကြတဲ့
ပိတောက်ရဲ့ သတ္တိကိုတော့ ချီးကျူးတယ်..။

သာယာလှပသော ပန်းခင်းဖြစ်ဖို့
တစ်မျိုးတည်းသော ပန်းနဲ့တော့
ဖန်တီးလို့ ရမည်မထင်
ဒါ့ကြောင့်...လိပ်ပြာတို့သည်လည်း
အရောင်အသွေးအဖုံနဲ့
ဝတ်မှုန်ကို စားသုံးနေကြတယ်
တစ်ချို့ ကတော့ လိုချင်တာရဖို့
ပိုက်ဆံကို အလုပ်ခိုင်းကြ
တစ်ချို့ ကြတော့ လိုချင်တာရဖို့
ခန္ဓာကိုယ်ကို ပိုက်ဆံရှာစေရင်း
လိုချင်တာ တစ်ချို့ တ၀က်ရသွားမယ်

ငါသိလိုက်တယ်
လူတွေလည်း အရောင်အသွေးအဖုံဖုံနဲ့
ဘ၀ကို စားသုံးနေကြတယ်..။

သက္ကရာဇ်တွေဆွေးမြေ့ တို့တစ်တွေအတွက်
အသက်တွေရင်းခဲ့တဲ့ လူတစ်ချို့ ကို ပြန်လှုပ်နှိုး
ကဗျာတစ်ပုဒ်နဲ့ ဂုဏ်ပြုရင်း
ဘ၀အတွက် ငါတို့ အားကိုးရှာနေကြတယ်
မှတ်သားဖူးတဲ့ စာတစ်ကြောင်းပါ
“ဒီနေ့ ပန်းခြောက်က မနက်ဖြန်ပန်းပင်ဖြစ်ဖို့” တဲ့
ရှင်သန်မဲ့ ပန်းတစ်ချို့ က တကယ်ဆို ရေမှမလိုတာ
ဒါ့ကြောင့် တစ်ကိုယ်တည်း ရှင်သန်ရဲတဲ့
ပိတောက်ကို အားကျတယ်...။

ရွက်ခြောက်က လေသယ်ရာ ပါတတ်ပေမဲ့
အောင်မြင်တဲ့ အသီးခြောက်ကတော့
ရောက်တဲ့အရပ်မှာ သစ်တပင်ဖြစ်နိုင်စွမ်းတယ်
တကယ်ဆို...ငါတို့တွေက ရွက်ခြောက်မှ မဟုတ်တာ
ဘ၀အတွက် သတ္တိရှိရမှာပေါ့...။  ။

လေးစားစွာဖြင့်
unity
23.sep.2011(15:34 GMT)

0 comments:

Post a Comment