အမိမြေက ယိုဖိတ်ခဲ့တာ
စိတ်ဓါတ်တွေ အခိုင်အမာနဲ့
နှစ်ပရိစ္ဆေဒတွေ ကြာလာတော့
အဖြစ်အပျက်တွေက မယုံနိုင်စရာ။
အခုတော့
ငါမိုးသည်းမှာ ငိုချင်းချ
မျောလိုက်ရတဲ့ မျက်ရည်စတွေ
အဆီးအတားမရှိ အနာဂတ်ဆီကို
ဒလဟော တသွင်သွင်မျောလို့
ငါ့ရင်တွေ မောနေတယ်။
ဒီအမောတွေ ပျောက်ဖို့
ကဗျာဆရာ မောင်သိန်းဇော်ရဲ့
ရှုမျှော်ခင်းထဲမှာ
အဝေးက လမင်းကြီးကို
ငေးမောကြည့်ရင်းသူ့ကို အမှီပြုတဲ့
ကြယ်စုလေးတွေကိုလည်း သနားမိတယ်။
လကွယ်ညသန်းခေါင်
မိုးမှောင်ကျရင် ဘယ်လိုလုပ်မလဲပေါ့။
သြော်..
နောက်ဆုံးတော့လည်း
ဒီမြေ ဒီရေ ဒီလှေ မဖြတ်ခင်
ဒို့အဘိုးအဘွား မှာတမ်းခြွေတဲ့
စကားလုံးလေးတွေကို အမှတ်ရမိတယ်။
“ကိုယ့်အားကိုယ်ကိုးမှ ကိုယ့်အိုးကိုယ်ကားမယ်
သူများအားကိုးရင် သူများအိုးကားမယ်” တဲ့။
စာသားကလေးပဲ အမွေရလိုက်တယ်
အဝေးက ကြယ်စင်စုလည်း
ဒီအမွေလေးကို အမှီပြုရင်း
ကိုယ့်အမှောင် ကိုယ့်အရောင်
ကိုယ်ထွန်းပြောင်အောင် ထွန်းညှိရင်း
ကြယ်စုံတဲ့ ညဆီကို
ချီတက်ကြပါစို့။
လေးစားစွာဖြင့်
unity
21:01(GMT)
0 comments:
Post a Comment