19 Sept 2011

တနင်္ဂနွေနေ့များ

တနင်္ဂနွေနေ့ဆိုရင်
ရေးလက်စကဗျာ အဆုံးမသတ်ဖြစ်ဘူး။

တိုတောင်းတဲ့ ဘ၀အတွင်း
နေထိုင်မှုသင်ရိုးမကျေတဲ့
ငါတို့လိုလူငယ်တွေ
အစဉ်အလာတွေက 
အက်ကွဲကြောင်းတွေပေါ်ပြေးလွှား
ကျွံမှန်းမသိ ကျွံနေတဲ့နွံထဲ
အမှန်အကန်ဆိုတာတွေက
ရှာလို့ မတွေ့တော့ဘူး။

ပျော်ရာမှာတော်သလိုနေရင်း
တနင်္ဂနွေနေ့တွေဆိုရင်
အပျင်းဖြေဖို့ဆိုတာ အဝေးသား
အမြည်းအကောင်းစားတွေနဲ့
ညတွေကို မော့သောက်နေကြလေရဲ့။

ဒီသီအိုရီတွေကို
ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားရင်း
ငါ့အတွေးနဲ့ကိုခေါင်းရှုပ်
ဘယ်သူ့ကိုမှ အပြစ်မပြောချင်တော့ဘူး
တနင်္ဂနွေနေ့က ရေးလက်စ ကဗျာတစ်ပုဒ်
အခုထိတော့ အဆုံးမသတ်ဖြစ်သေးဘူး။

ကိုရင်
22:13(GMT)

1 comment:

  1. ကိုယ့်ဆိုဒ်တောကိုယ်နိုင်အောင်မရေးနိုင်ပေမယ့်ဒီမှာလာရေးထားတဲ့ကိုရင့်ကဗျာတွေကိုတော့ချီးကျူးသွားပါတယ်

    မဒမ်ကိုး

    ReplyDelete